မိတ်ဆွေ..”ငါသာ အကြွင်းမဲ့ လွတ်လပ်ခွင့်ရရင် သိပ်ပျော်မိမှာပဲ။ စိတ်လည်း ငြိမ်းချမ်းလိမ့်မယ်”ဟူ၍ တွေးဖူးပါသလား။ လူများစွာသည် ပျော်ရွှင်ခြင်းနှင့် စိတ်ငြိမ်းချမ်းမှုကို ရရှိနိုင်ဖို့ငှာ အလုံးစုံလွတ်လပ်မှုကို ရှာဖွေကြသည်။ လူတို့သည် ဆင်းရဲခြင်းဒုက္ခအပေါင်းမှ ကင်းဝေးလိုကြသည်။ စိတ်ရှိတိုင်းသာ လုပ်ခွင့်ရလျှင် ပျော်ရွှင်ခြင်းကို ရလိမ့်မည်ဟု ယုံကြည်ကြသည်။ မှန်ပါမည်လော။
အရက်ဘား၏ မှိန်ပြပြ မီးရောင်အောက်မှ ရယ်မောသံများနှင့် စိတ်လွတ်ကိုယ်လွတ် ကဲလို့ရသည့် ပတ်ဝန်းကျင်သည် ပျော်ရွှင်ခြင်း အတိတ်နမိတ်နှင့် လူများစွာအဖို့ ဆွဲဆောင်မှုကောင်းလှပေသည်။ လူငယ်များစွာသည် ဘီယာပုလင်းများ၊ စီးကရက်များ၊ ကားများနှင့် ညလုံးပေါက်အတူကဲမည့် အပေါင်းအဖော်များပါလျှင် ပျော်ရွှင်ခြင်းကိုရမည်ဟု ယုံကြည်ကြသည်။ သည်ဝန်းကျင်အခြေအနေသည် လူတို့ ရှာဖွေနေသည့် စိတ်ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို မပေးစွမ်းနိုင်ပါ။
ဆေးခြောက်၊ စိတ်ထင်ယောင်ထင်မှား ဖြစ်စေသည့် မူးယစ်ဆေးများနှင့် ဘိန်းဖြူများသည် အံ့ဩဘနန်း ရေချိန်ကိုက်လွင့်မျောမှုကို ပေးစွမ်းနိုင်သည်။ ဤအရာသည် ပျော်ရွှင်ခြင်းကို ဖြစ်စေ၍ ထိုပျော်ရွှင်မှုနှင့်အတူ စိတ်ငြိမ်းချမ်းမှုကိုပါ ရရှိလိမ့်မည်ဟု ကျွန်တော်တို့ တွေးမိမှာ သေချာသည်။ ဤသို့ မှန်ပါမည်လော။
လူ၏ စိတ်နှင့် ခန္ဓာကို ထိုးဖောက်လွှမ်းမိုးနိုင်စွမ်းသော ခေတ်သစ်ဂီတသည် အရက်၊ မူးယစ်ဆေးတို့နှင့် ပေါင်းစပ်သည့်အခါတွင် ယစ်မူးရှိန် အထွတ်အထိပ်သို့ ပိုရောက်စေသည်။ သည်အရာသည်လည်း စစ်မှန်သော ပျော်ရွှင်ခြင်းကို မပေးစွမ်းနိုင်ပါ။
တချို့ကမူ မိမိကိုယ်ကိုယ် ချုပ်တည်းရန် မစဉ်းစားဘဲ ကာမတဏှာကို အစွမ်းကုန်ခံစားလျှင် အလိုဆန္ဒပြည့်ဝမှုကို ရလိမ့်မည်ဟု တွေးကြသည်။ ၎င်းသည် အနှစ်သာရမဲ့မှုနှင့် စိတ်ပျက်ခြင်းကိုသာ ဖြစ်စေသည်။ ပျော်ရွှင်ခြင်းကို ဤနေရာတွင် ရှာမတွေ့နိုင်။
ယနေ့ခေတ်တွင် လူများစွာသည် မိမိတို့ စိတ်ရှိတိုင်း လုပ်နိုင်ဖို့ရာ လုံးဝဥဿုံ လွတ်လပ်မှု ရသင့်သည်ဟူသော အယူအဆကို နေရာအနှံ့အပြားတွင် အားပေးအားမြှောက် ပြုလုပ်နေကြသည်။ ပျော်ရွှင်မှုနှင့် စိတ်ငြိမ်းချမ်းမှုရရန် သုခချမ်းသာကို စိတ်အလိုကြိုက်ခံစားသူအဖို့ တရားဥပဒေ၏ ချုပ်နှောင်မှု၊ ခွဲခြားဆက်ဆံခံရမှုနှင့် မကောင်းသော စိတ်ခံစားမှုတို့ မရှိသင့်ဟု ခံယူကြသည်။ အကြွင်းမဲ့လွတ်လပ်မှုသည် စိတ်ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ကို ပေးစွမ်းလိမ့်မည်ဟု ယူဆကြသည်။ ပျော်ရွှင်မှုကို စိတ်အလိုလိုက်ခြင်း၊ ယစ်မူးရှိန်တက်ခြင်းတို့တွင် တွေ့နိုင်မည်ဟု အမြဲတစေ ယူဆပြောဆိုကြသည်။ သို့ဆိုလျှင် ပျော်ရွှင်မှုကိုသာ ရှာဖွေနေသမျှ ကာလပတ်လုံး ကျွန်တော်တို့၏ လုပ်ရပ်အကျိုးဆက်သည် မည်သို့ပင်ဖြစ်နေပါစေ မိမိတို့တွင် တာဝန်မရှိဟု တွေးမိမည်မှာ ကျိန်းသေသည်။ ထို့အတူ ပျော်ရွှင်ခြင်းဝေစုကိုလည်း ခံစားပိုင်ခွင့်ရှိသည်ဟု ယူဆမိပေလိမ့်မည်။
ဤသို့သော စိတ်အလိုလိုက်မှုကြောင့်ဖြစ်ရသည့် ဘေးအန္တရာယ်များကို အကြောင်းပြု၍ လူပြောများသည့် သတိပေးတားမြစ်ခြင်းတို့ ပေါ်လာသည်။ မူးရင် မမောင်းနဲ့၊ မောင်းရင် မမူးနဲ့။ ဘိန်းဖြူသည် သေစေနိုင်သည်။ လုံခြုံစိတ်ချရသည့် ဆက်ဆံနည်းကို ကျင့်သုံးပါ။ ကိုယ်ဝန်ရှိလျှင် ဖျက်ချပါ..စသည်ဖြင့်။ ထိုအကြံများသည် အနာအတွက် ကုထုံးမဟုတ်ပေ။
ပျော်ရွှင်မှုကို ဤနည်းလမ်းများဖြင့် ရနိုင်သည်ဆိုလျှင် လူစည်ကားနေသည့် ဘားခန်းအလယ်တွင် အဘယ့်ကြောင့် အဖော်မဲ့အထီးကျန် ဖြစ်ရပါသနည်း။ ယစ်မူးရှိန်လွန်ပြီးသည်နောက်တွင် အဘယ်ကြောင့် စိတ်ဓါတ်ကျရသနည်း။ စိတ်အလိုကြိုက်လိုက်ပြီးနောက် အဘယ့်ကြောင့် စိတ်မသက်မသက် ခံစားရသနည်း။ ကာမဂုဏ်ကို ခံစားပြီးသည်နောက်တွင် အဘယ့်ကြောင့် စိတ်ပျက်လက်ပျက် ကျန်ခဲ့ရသနည်း။ စိတ်အလိုကြိုက် ခံစားမှုသည် ပျော်ရွှင်မှုနှင့် စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်ရိုးမှန်လျှင် ဤအရာများကို အဘယ့်ကြောင့် မရရှိနိုင်ဘဲ ဖြစ်နေရသနည်း။ အဘယ့်ကြောင့် ပြဿနာများစွာ ကြုံရ၍ ဘဝသည် အဓိပ္ပါယ်မဲ့နေရသနည်း။
စိတ်အလိုလိုက်ခြင်းသည် စစ်မှန်သော လွတ်လပ်မှု မဟုတ်ပေ။ ဤနည်းဖြင့် ပျော်ရွှင်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို ရရှိလိမ့်မည်မဟုတ်။ စိတ်အလိုလိုက် ပျော်ပါးမှုသည် ဘုရားဝတ်ကို ပြုခြင်းမဟုတ်ဘဲ မိမိကိုယ်ကိုယ် ကျေနပ်စေသောအမှု ဖြစ်သောကြောင့် အပြစ်ဖြစ်သည်။
ယေရှုက (ရှင်မဿဲ၊ ၁၁:၂၈-၂၉) တွင် ဆိုထားသည်-”ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။”
မိတ်ဆွေ.. မည်သို့ ခံစားနေရသနည်း။ စိတ်မသက်မသာဖြစ်၍ ဒုက္ခရောက်နေသလား။ ကမ္ဘာပေါ်ရှိ ပြဿနာများနှင့် မိတ်ဆွေ၏ အိမ်ထောင်ရေးပြဿနာများကြောင့် သောကဗျာပါဒရောက်ခြင်း၊ လိပ်ပြာမလုံခြင်းနှင့် ကြောက်ရွံ့ခြင်းများ ခံစားနေရသလား။ မိမိကို တစ်ဦးတစ်ယောက်ကမျှ အမှန်တကယ် ”ချစ်ပါလေစ၊ ဂရုစိုက်ပါလေစ” ဟု ရံဖန်ရံခါ တွေးမိနေသလား။
မိတ်ဆွေကို ဘုရားချစ်ကြောင်း ယုံကြည်ပါ။ ကိုယ်တော်သည် စိတ်ငြိမ်းအေးမှု၊ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုတို့ကို သင် ရှာတွေ့နိုင်မည့်အကြောင်း အလိုတော်ရှိသည်။ စစ်မှန်သော ငြိမ်သက်ခြင်းသည် မိမိစိတ်အလိုကြိုက် ပျော်ရွှင်ခြင်းမှ လာခြင်းမဟုတ်။ မိမိကိုယ်ကိုယ် စွန့်လွှတ်ခြင်းမှ လာသည်။ ဘုရားသခင်ထံ မိမိကိုယ်ကိုယ် ဆက်ကပ်ခြင်းနှင့် ထာဝရဘုရားကို ကိုးစားခြင်းသည် သင့်ဝိညာဉ်ကို ချမ်းသာစေမည်ဖြစ်သည်။ ယေရှုက ”ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ မဟုတ်။ သင်တို့ စိတ်နှလုံး ပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။_(ယော၊ ၁၄:၂၇)” ဟု မိန့်ထားသည်။
ယေရှု၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါ။ စိတ်နှလုံး အကြွင်းမဲ့နှင့် သခင့်ဆီ လှမ်းခဲ့ပါ။ ကိုယ်တော့်ထံတွင် မိတ်ဆွေ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို အပ်နှံထားပါ။ မိတ်ဆွေ ရှင်သန်ကျင်လည်ခဲ့သည့် အနှစ်မဲ့၊ လေလွင့်ဘဝအတွက် နောင်တရပါ။ သို့ဆိုလျှင် စစ်မှန်သော လွတ်လပ်မှု၊ စစ်မှန်သော ပျော်ရွှင်မှုနှင့် စစ်မှန်သော ချစ်ခြင်းမေတ္တာတို့ကို တွေ့ရပါလိမ့်မည်။ ဆက်လက်၍ သစ္စာစောင့် တည်ကြည်မည်ဆိုလျှင် အနာဂတ်အတွက် မျှော်လင့်ခြင်းနှင့် ထာဝရအသက် စိတ်ချမှုတို့ကို ရရှိပါလိမ့်မည်။ စိတ်ငြိမ်သက်ခြင်းနှင့် ချမ်းသာရခြင်းကို ရှာဖွေနေသူ မိတ်ဆွေအပေါင်းတို့အား ဘုရားသခင် ကောင်းကြီးပေးပါစေ။