”ထို့ကြောင့် သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည်။” (ရှင်ယောဟန်၊ ၈:၃၆)
လူသားတိုင်း လွတ်လပ်လိုကြသည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ တွေးတောခွင့်၊ ကိုးကွယ်ခွင့်နှင့် ရေးသားဖော်ပြခွင့်တို့သည် ယနေ့ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းများစွာ၏ အခြေခံ ဖြစ်သည်။ လူ့အဖွဲ့အစည်းကြီးသည် တရားဥပဒေချိုးဖောက်သူများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်တားဆီးရန် လိုအပ်ကြောင်းကို သိရှိပြီးဖြစ်သည်။ သို့မှသာ အခြားသူများအဖို့ ၎င်းတို့ ရသင့်ရထိုက်သော လွတ်လပ်ခွင့်ကို ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပင် အကျဉ်းထောင်များ ရှိနေရသည်။ နိုင်ငံတစ်ခု၏ ဥပဒေကို ချိုးဖောက်သူများသည် အကျဉ်းထောင်တွင် စံမြန်းရပေမည်။
လူတို့သည် ဖော်ပြပါလွတ်လပ်မှုများကို ရရှိထားသော်လည်း အမှန်တကယ်ပင် လွတ်မြောက်ပြီလော၊ သို့တည်းမဟုတ် လူများစွာတို့သည် တစ်စုံတစ်ခုသော အကျဉ်းထောင်ထဲတွင် ရောက်နေသလော။ သမ္မာကျမ်းစာ သွန်သင်ချက်မှာ လူတို့သည် လွတ်လပ်မှုကို ရှာဖွေဆဲမှာပင် အနှောင်အဖွဲ့ ခံနေရသည်ဟု ဆိုထားသည်။ မုသာစကားတစ်ခွန်း ဆိုသောသူသည် ထိုမုသာ၏ အချုပ်အနှောင်ထဲသို့ ကျရောက်သောကြောင့် ပထမမုသာစကားကို ဖုံးအုပ်ရန်အတွက် ကြိမ်ဖန်များစွာ လိမ်လည်လိမ့်ဦးမည်ဖြစ်သည်။ ဆေးလိပ်သောက်သူ၊ အရက်သေစာ သုံးစွဲသူ၊ သို့မဟုတ် မူးယစ်ဆေးသုံးစွဲသူတို့သည် ဆေးဖြတ်လိုသည့်အချိန်တွင် မဖြတ်နိုင်တော့သည့်အဖြစ်ကို နောင်သောအခါတွင် တွေ့ကြုံရကြသည်။ မြောက်များစွာသော လူတို့သည် ထိမ်းမြားသစ္စာကို သာယာမှုအတွက် ချိုးဖောက်ကြရာ အဆုံးတွင် သာယာမှုလည်းမတွေ့၊ မိသားစုလည်း ပျက်ရပေသည်။ ဤအရာများသည် အပြစ်တရားမှ ယူဆောင်လာသည့် ချည်နှောင်မှု၏ သက်သေသာဓကများ ဖြစ်သည်။
အပြစ်ချည်နှောင်ခြင်းသည် လူအားလုံးအပေါ် သက်ရောက်၍ လူတိုင်းသည် အပြစ်တရားထဲတွင် မွေးဖွားလာကြသည်။ သမ္မာကျမ်းစာက ”အဘယ့်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ_(ရောမဩဝါဒစာ၊ ၃:၂၃)” ဟု ဆိုထားသည်။ ”အကြင်သူ၏ အထံ၌ အစေခံဖြစ်ခြင်းငှာ သင်တို့ဝင်၍ အစေခံ၏။ ထိုသူသည် သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့် ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ၊ သင်တို့၏ သခင်ဖြစ်သည်ကို မသိကြသလော။”_(ရောမဩဝါဒစာ၊ ၆:၁၆)။ (ရောမဩဝါဒစာ၊ ၃:၁ဝ) ကိုလည်း ကြည့်ပါ။ ကျွန်တော်တို့သည် အပြစ်တရားထဲ၌ ရှိနေသေးလျှင် ဝိညာဉ်အကျဉ်းကျနေခြင်းဖြစ်သည်။
သို့ဆိုလျှင် မည်သို့ လွတ်မြောက်နိုင်မည်နည်း။ စစ်မှန်သော လွတ်လပ်မှု၊ စစ်မှန်သော ပျော်ရွှင်ခြင်း၊ အကြောက်တရားမှ ကင်းလွတ်ခြင်း၊ အပြစ်တရားနှင့် တရားစီရင်ခြင်းတို့မှ လွတ်မြောက်ခြင်းတို့သည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံမှုရှိ၍ အသက်တာသည် ကိုယ်တော်၏ အလိုတော်နှင့် ညီညွတ်နေမှသာလျှင် ရရှိနိုင်မည် ဖြစ်သည်။ အခြားတစ်ဘက်တွင် ချည်နှောင်မှုသည် စာတန်၏ အတုအယောင် လွတ်လပ်မှုကတိကို လက်ခံခြင်း၏ အကျိုးဆက် ဖြစ်သည်။ ကယ်တင်ရှင် ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်ကို ဖတ်ကြဦးစို့။ ”ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိတ် ပေးတော်မူပြီ။ ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှင်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာကကို ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။”_(ရှင်လုကာ၊ ၄:၁၈)
အပြစ်မှ လွတ်မြောက်ဖို့ဆိုလျှင် ကျွန်တော်တို့သည် အပြစ်သားဖြစ်ကြောင်းနှင့် ချည်နှောင်မှုထဲ၌ ရှိနေကြောင်းကို ပထမဦးစွာ ဝန်ခံရမည်ဖြစ်သည်။ မိမိတို့၏ အပြစ်များအတွက် နောင်တရ ရမည်။ နောင်တရခြင်းဆိုရာတွင် အပြစ်များအတွက် ပူးဆွေးသောကရောက်ခြင်းနှင့် အပြစ်မှ ရှောင်ကြဉ်ခြင်းတို့ ပါဝင်သည်။ ဤအရာသည် တချို့သောသူများအဖို့ ခက်ခဲလှသည်၊ သို့မဟုတ် မဖြစ်နိုင်ဟု ယူဆဖွယ်ရာရှိသည်။ ကျွန်တော်တို့သည် ရိုးသားစွာ ကြိုးစားအားထုတ်၍ ဘုရားသခင်ထံမှ အကူအညီနှင့် အပြစ်မှ ခွင့်လွှတ်ပေးရန်အတွက် တောင်းလျှောက်လျှင် သခင်သည် နှလုံးသား ပြောင်းလဲခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်ပေးမည် ဖြစ်သည်။ ကျွန်တော်တို့သည် ခရစ်တော်၏ အသွေးတော်ကြောင့် ကယ်တင်ခြင်းနှင့် အပြစ်ဖြေလွှတ်ခြင်းတို့ ခံစားရသည်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ဤသို့ ဖတ်ရသည်- ”ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏”_(ကောလောသဲဩဝါဒစာ၊ ၁:၁၄)။ (ရောမဩဝါဒစာ၊ ၃:၂၄-၂၅)၊ (ရောမဩဝါဒစာ၊ ၅:၁)၊ (ရောမဩဝါဒစာ၊ ၆:၂၃)၊ (တမန်တော် ဝတ္တု၊ ၃:၁၉)၊ (ရှင်ယောဟန်ခရစ်ဝင်၊ ၃:၃) တို့ကိုလည်း ဖတ်ရှုပါ။
ဝိညာဉ်လွတ်မြောက်မှု၏ အကျိုးတရားများကား အဘယ်နည်း။ လူတစ်ဦးသည် အထက်ဖော်ပြပါအတိုင်း တဖန်မွေးဖွားလျှင် သူ၏ အပြစ်များသည် ဆေးကြောသန့်စင်ပြီး ဖြစ်သည်။ လွတ်လပ်သော ကိုယ်စိတ်နှလုံးကို ရရှိသည်။ အပြစ်ပြုလိုသည့် ဆန္ဒကို အောင်ရသည့် တန်ခိုးကို ရရှိပြီဖြစ်သည်။ အပြစ်သွေးဆောင်ရာနောက် မလိုက်ပါတော့ဘဲ ကိုယ်ကာယတပ်မက်ခြင်းကို တွန်းလှန်နိုင်ပြီဖြစ်သည်။ သူသည် ခရစ်တော်၌ ဘဝသစ်ကို စတင်၍ သူ၏ ရည်မှန်းချက်များသည် ခြားနားနေပြီဖြစ်သည်။ မိမိစိတ်အလို လိုက်မည့်အစား ဘုရားအလိုတော် ရှာပြီး လူတွေကို ကူညီတတ်လာသည်။ သူ၏ စကားနှင့် အချိန်သုံးစွဲပုံတို့သည် ယခင်နှင့် မတူတော့ပေ။ ရည်ရွယ်ချက်နှင့် ဦးတည်ချက်များ ရှိနေပြီဖြစ်ကာ ဘဝ၏ စိန်ခေါ်မှုများ၌ ပျော်မွေ့နိုင်ပြီဖြစ်သည်။ အကောင်းဆုံးမှာ ဤလွတ်လပ်မှုကြောင့် ကောင်းကင်ဘုံတွင် ထာဝရအသက် စိတ်ချရမှုကို ရရှိခြင်းဖြစ်သည်။ လူသည် ဇာတိပကတိ အကျဉ်းထောင်၏ ချုပ်နှောင်မှု၌ပင် ဝိညာဉ်နှင့် နှလုံးသားလွတ်လပ်မှုကို မျက်မြင်ဒိဋ္ဌ ရရှိနိုင်သည်။ သမ္မာကျမ်းထဲတွင် အောက်ပါအတိုင်း ဖော်ပြထားသည်- ”လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ”_(၂ ကော၊ ၅:၁၇)။ (ဂလာတိဩဝါဒစာ၊ ၅:၁၃) ကိုလည်း ကြည့်ပါ။
ယေရှု… ကျွန်ုပ်လာသည်
ချည်နှောင်ခြင်းနှင့် ဝမ်းနည်းခြင်းထဲက
ကိုယ်တော်ထံသို့ ကျွန်ုပ် လာသည်
လွတ်လပ်ခြင်းနှင့် ဝမ်းသာခြင်းထဲသို့
ယေရှု..ကျွန်ုပ် လာပြီ။
ဖျားနာခြင်းမှ ကျန်းမာခြင်းမြတ်သို့
ဆင်းရဲခြင်းမှ ဝပြောခြင်းရဖို့
ဒုစရိုက်ထဲမှ ကိုယ်တော်ထံသို့
ယေရှု..ကျွန်ုပ်လာပြီ။
အလွန်ရှက်ကြောက်ဖွယ် ဆုံးရှုံးခြင်းမှ
ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်
တိုင်တော်ဖြင့်ရသော အောင်မြင်ခြင်းသို့
ယေရှု..ကျွန်ုပ် လာပြီ။
ခံရသော ဒုက္ခဝေဒနာမှ
ကိုယ်တော်၏ ငြိမ်သက်ချမ်းသာခြင်းသို့
ငိုကြွေးခြင်းမှ သီချင်းဆိုဖို့ရာ
ယေရှု.. ကျွန်ုပ်လာပြီ။
William T. Sleeper